Friday, 15 February 2008

ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၊ အထွေထွေ အတွင်းရေးမှူး ဖဒို မန်းရှာလားဖန်း

ဖဒိုမန်းရှာဟာ ကွယ်လွန်ချိန်မှာအသက် ၆၄နှစ် ရှိပြီဖြစ်ပြီး၊ သား၂ ဦးနဲ့ သမီး၂ ဦး ကျန်ရစ် ပါတယ်။

ဖဒိုမန်းရှာကို ဧရာဝတီတိုင်း ပန်းတနော် မြို့နယ်မှာ၁၉၅၃ ခုနှစ်၊ ဇူလိုင် ၅ရက်နေ့ မွေးဖွားခဲ့ပြီး၊ ပိုးကရင် လူမျိုးဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပါတယ်။

ဖဒိုမန်းရှာဟာ ၁၉၆၁ မှာရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကားခဲ့ပြီး၊ ဆဲဗင်းဂျူလိုင်အရေးအခင်း မှာပါဝင်လှုပ်ရှား ခဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။ ၁၉၆၆ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က သမိုင်းဘာ သာနဲ့ ဘွဲ့ရခဲ့တယ်။

တက္ကသိုလ် ကျောင်းသားဘဝကတည်းက ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ ယူဂျီတာဝန်ကို ထမ်းဆောင်တဲ့ ဖဒိုမန်း ရှာ ဟာ ဘွဲ့ရပြီးနောက် ကရင့်တော်လှန်ရေးကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၊ တပ်မဟာ၃၊ တောင်ငူခရိုင်ဒေသမှာ စတင်ပါဝင် ထမ်းဆောင်ခဲ့တယ်။

၁၉၆၈ တွင် ကရင်ပြည်နယ်ကိုဖြတ်ကာ ရှမ်းပြည်နယ်စပ် ရလလဖနယ်မြေတွင် နေထိုင်ခဲ့တယ်။ တရုပ်နယ်စပ်ရှိ ဗကပ တပ်စခန်း သို့ သွားရောက်ပြီး နိုင်ငံရေးသင်တန်းတွေ တက်ခဲ့သလို၊ ဗကပနဲ့နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ သဘောတရားရေးရာ သဘောမတူ မှုတွေရှိလို့ ကြာကြာမနေဘဲ ဗဟိုဌာနချုပ်ကို ပြန်လာခဲ့ရာ၊ ၁၉၇၄ မှာပဲခူး ရိုးမရှိ ကေအဲန်ယူဗဟိုကို ပြန်ရောက်လာခဲ့တယ်။

၁၉၇၅ မှာ ကေအဲန်ယူ ၂ဖွဲ့ ပြန်လည် ပေါင်းစည်းမိတဲ့အခါ ညောင်လေးပင်ခရိုင်မှာတာဝန် ထမ်းဆောင်ခဲ့တယ်။ ၁၉၇၅ ကနေ ၁၉၈၄ အထိ ကေအဲန်ယူ ညောင်လေးပင်ခရိုင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့တယ်။

၁၉၈၄ မှာကေအဲန်ယူ ဗဟိုဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောကို ပြောင်းရွေ့တာဝန် ထမ်းဆောင်ရပြီး၊ နိုဝင်ဘာလမှာ ကေအဲန်ယူ ဗဟိုကော်မတီအဖွဲ့ဝင် ဖြစ်လာခဲ့တယ်။

၁၉၈၈ ကစပြီး ကေအဲန်ယူဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးစောဘိုမြ(ကွယ်လွန်)ရဲ့ ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရ တယ်။

၂၀၀၀ခုနှစ်မှာကျင်းပတဲ့ ကေအဲန်ယူ(၁၂)ကြိမ်မြောက် ပါတီကွန်ဂရက်ကနေ အထွေထွေအတွင်းရေးမှူး အဖြစ်ရွေးချယ်တင် မြောက်ခြင်း ခဲ့ရတယ်။ ၂၀၀၄ ခုနှစ်မှာကျင်းပတဲ့ (၁၃)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်မှာလည်း အထွေထွေအတွင်းရေးမှူးအဖြစ် ဆက် လက်ရွေးချယ် တင်မြောက်ခံရပြီး၊ လုပ်ကြံခံရချိန် အထိ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသူတဦးဖြစ်တယ်။

ဖဒိုမန်းရှာဟာ ကရင်အမျိုးသားခေါင်းဆောင်တွေ အထဲမှာတိုင်ရင်းသားတွေကရော၊ မြန်မာတွေကပါ ချစ်ခင်လေးစားမှုကို ခံရသူ တဦးဖြစ်ကာ၊ 'ရေဆန်' ကလောင်အမည်နဲ့လည်း စာတွေရေးနေသူတဦး ဖြစ်ပါတယ်။

ဖဒိုမန်းရှာဟာ တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေဖြစ်တဲ့ မြန်မာပြည်ဒီမိုကရက်တစ်တပ်ပေါင်းစု(ဒီအေဘီ)နဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံအမျိုးသားကောင်စီ(အဲန်စီယူဘီ)တို့မှာ ကေအဲန်ယူကိုယ်စားလှယ်အဖြစ် တာဝန်တွေထမ်းဆောင်ခဲ့သလို၊ လုပ်ကြံခံရချိန်မှာလည်း အဲန်စီ ယူဘီ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်း ဆောင် နေဆဲဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဇန်ဝါရီလ ၃၁ နေ့မှာကျရောက်ခဲ့တဲ့ (၅၉)နှစ်မြောက် ကရင်တော်လှန်ရေး နေ့မှာဖဒိုမန်းရှာက ကရင်လူထုကြီးကို မိန့်ခွန်းပြောကြား ရမှာ…

"ဒီတော်လှန်ရေးဟာ ကရင်တမျိုးသားလုံးရဲ့ တော်လှန်ရေး၊ ကရင်တမျိုးသားလုံး ကျွန်ပြုခံရလို့ ကကျွန် ဘဝက လွတ်မြောက်ဖို့ ကျနော်တို့လုပ်တဲ့ တော်လှန်ရေး၊ ဒါကြောင့်မို့ ဒီတော်လှန်ရေးမှာ ကရင်တမျိုးသားလုံး ပါဝင်ဖို့ လိုတယ်။ စောဘဦးကြီးရဲ့ လမ်းညွှန်မှု ၄ချက်ကို ဆက်လက်ပြီးတော့ ကိုင်စွဲဖို့လိုတယ်။ ကေအဲန်ယူ အစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဆက်လက်ပြီးတော့ ချီတက်ဖို့လိုတယ်။ ကေအဲန်ယူအစည်းအရုံး က လည်းပဲ ကရင်အမျိုးသား အကျိုးစီးပွားအတွက် မားမားမတ်မတ် ဆုံးခန်းတိုင် ဆက်လက်ပြီး ရပ်တည်သွားမှာ ဖြစ်တယ်။" လို့ပြောကြား သွားခဲ့ပါတယ်။

စောဘဦးကြီးရဲ့ လမ်းညွှန်ချက် ၄ ရပ်

၁။ လက်နက်ချ စကားအလျဉ်း မပြောရ။

၂။ ကရင့်လက်နက် ကရင့်လက်ထဲ၌ ရှိရမည်။

၃။ ကရင်ပြည် အသိအမှတ် ပြခြင်း ပြီးပြည့် စုံစေရမည်။

၎။ ကရင့် ကံကြမ္မာ ကရင် ဖန်တီးရမည်။

ဖေဖော်ဝါရီ ၁၄၊ ၂၀၀၇ ညနေ ၄ နာရီခန့်မှာ- ဖဒို မန်းရှာရဲ့ နေအိမ်ကို ဖိုးဝှီးကား အမဲရောင် ကားနံပါတ် ၄၂၅ နဲ့ အမည် မသိလူ ၂ ဦး ရုတ်တရက် ရောက်လာပြီး နေအိမ် ဝရံတာမှာထိုင်နေတဲ့ ဖဒိုမန်းရှာကို သေနတ်နဲ့ ပစ်ခတ် သွားတာကြောင့် ရင်ပတ်ကို ကျည် ၂ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ကေအဲန်ယူ တာဝန်ရှိသူ တဦးက ပြောကြား ပါတယ်။ ပစ်ခတ်သွားသူ ၂ ဦးဟာ မောင်းနှင်းလာတဲ့ ကားနဲ့ပဲ ပြန်ထွက်သွား တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ရည်ညွှန်ချက်။

၁။ ၂၀၀၈၊ ဖေဖော်ဝါရီ ၁၄၊ ဒီဗွီဘီ - Democratic Voice of Burma (ဒီမိုကရက်တစ် မြန်မာ့ အသံ) ကွန်ရက် စာမျက်နှာသတင်းများ။

၂။ ၂၀၀၈၊ ဖေဖော်ဝါရီ ၁၄၊ မဇ္ဇျိမ - မဇ္ဇျိမ အင်တာနက် သတင်းဌာန၊ မြန်မာ ကွန်ရက် စာမျက်နှာ သတင်းများ။

၎။ ၂၀၀၈၊ ဖေဖော်ဝါရီ ၁၄၊ အဲန်အမ်ဂျီ - Network Media Group (သတင်းမီဒီယာ ကွန်ရက်) မြန်မာ ကွန်ရက် စာမျက်နှာ သတင်းများ။

Myanmar ISP Website မှ ကူးယူတင်ပြပါသည်

No comments:

Post a Comment